Wednesday, 31 March 2010

အစီအစဉ်ကို တိုးချဲ့ခြင်း

ပညာသင်ဆုပေးဖို့အတွက် ဆုရွေးချယ်ရေးအဖွဲ့က န၀မတန်းအောင် ကျောင်းသား ငါးဦးကို ရွေးချယ်ပေးခဲ့ပြီး ၄ရက် ဖေဖော်ဝါရီ ၂၀၁၀ ခုနှစ်မှာ ကျောင်းအုပ်ဆရာမကြီး (အထက ဒိုက်ဦး)က အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီဆုရကျောင်းသားတွေကတော့

ပထမဆု-မခိုင်သဇင်ထွန်း
ဒုတိယဆု-မ၀င်းသန္တာနွေး
တတိယဆု-မောင်ဝေလွင်ဖြိုး
စတုတ္ထဆု-မဇာဖြူလင်း
ပဉ္စမဆု-မအေးအေးပြည့်

တို့ အသီးသီး ဖြစ်ကြပါတယ်။ Click Here for deail

မူလအစီအစဉ်အရ ပထမ၊ ဒုတိယ၊ တတိယ ဆု ရရှိတဲ့ ကျောင်းသားများဟာ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အတွက် ပညာသင်ဆု အပြည့်အ၀ ရရှိမှာ ဖြစ်ပြီး စတုတ္ထဆုနဲ့ ပဉ္စမဆုရတဲ့ ကျောင်းသားများကတော့ ပညာသင်ဆု တစ်စိတ်တစ်ပိုင်းကို ရရှိမှာ ဖြစ်တယ်လို့ ကြားသိခဲ့ရပါတယ်။ ပညာသင်ဆု အပြည့်အ၀မှာ ကျူရှင်စရိတ်နဲ့၊ ကျောင်းစရိတ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံ၊ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေ အားလုံးပေါင်း ပါဝင်ပါတယ်။ ဆုရရှိမဲ့ ပမာဏ အသေးစိတ်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ပညာသင်ဆု တစ်စိတ်တစ်ပိုင်းရရှိတဲ့ စတုတ္ထနဲ့ ပဉ္စမဆုရ ကျောင်းသားများကတော့ ကျောင်းစရိတ်သက်သက်ကိုပဲ ရရှိမယ်လို့ စီစဉ်ခဲ့ကြပါတယ်။

အခု အဲဒီအစီအစဉ်ကို တိုးချဲ့မယ်လို့ သိရှိရပါတယ်။

အထက ဒိုက်ဦးမှ ဆရာဆရာမများရဲ့ အကြံပြုချက်နဲ့ ဒိုက်ဦးမှ သူငယ်ချင်းများရဲ့ အကြံပြုချက်အရ အလှူငွေကောက်ခံနေတဲ့ သူငယ်ချင်းအချို့ တိုင်ပင်ညှိနှိုင်းပြီး ကျောင်းသား ငါးယောက်စလုံးကို ပညာသင်ဆု အပြည့်အ၀ပေးဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါကြောင့် ဆုရကျောင်းသားများဖြစ်တဲ့ မခိုင်သဇင်ထွန်း မ၀င်းသန္တာနွေး၊ မောင်ဝေလွင်ဖြိုး၊ မဇာဖြူလင်း၊ မအေးအေးပြည့် တို့ဟာ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း နှစ်စမှ နှစ်ဆုံးအထိ လိုအပ်တဲ့ ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်၊ ကျောင်းဝတ်စုံ စရိတ်များနဲ့ ကျောင်းသားဟောင်းများရဲ့ ကူညီမှုကို အပြည့်အ၀ ရရှိမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

တစ်ယောက် တစ်နေရာစီ ရောက်နေကြတဲ့ သူငယ်ချင်းအချင်းချင်း တယ်လီဖုန်းများ၊ အင်တာနက်များကို အသုံးပြုပြီး ဆက်သွယ်လုပ်ကိုင်ကြရတာ ဖြစ်တဲ့အတွက် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း အစည်းအဝေးများ၊ အစည်းအဝေး ဆုံးဖြတ်ချက်များမလုပ်နိုင်ဘဲ အလွတ်သဘောတိုင်ပင် ညှိနှိုင်းဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စများကို အကြံပြုဖို့အတွက် သူငယ်ချင်းအသီးသီးရဲ့ အကြံပြုချက်များကို အလေးအနက်ထား တောင်းခံလိုပါတယ်။ အောက်ပါနေရာမှာ အဆင်ပြေမဲ့ လိပ်စာများ၊ ဖုန်းနံပါတ်၊ အီးမေလ်းလိပ်စာများ ပေးထားပါတယ်။ Click here! ဒါမှမဟုတ် dr.lwanwai@gmail.com ကိုဆက်သွယ်အကြံပြုနိုင်ပါတယ်။

ဆုပေးတဲ့ကိစ္စနဲ့ ပညာသင်ကြားရေး ကိစ္စအ၀၀ကိုတော့ ကျောင်းသားဟောင်းများထဲမှ ကိုအောင်မျိုးသူ၊ ကိုမောင်မောင်ကျော်သူ(ခ)ကိုစူပါ နှင့် ကိုဇေယျာထွန်း(ခ)ကောင်လေး တို့က တာဝန်ယူဆောင်ရွက်မယ်လို့ သိရှိရပါတယ်။

အလှူငွေ ကောက်ခံမှုအပိုင်းမှာတော့ စင်ကာပူမှာ ကိုထင်ကျော်လင်း(မိန်မိန်း)၊ ဂျပန်မှ မဖြူဖြူကြွယ်၊ ရန်ကုန်မှ မဇင်ယုမေ (ဇင်ဇင်)၊ ရန်ကုန်မှ မပန်းမိုမိုမောင် (ပုံ့ပုံ့)၊ ဒိုက်ဦးမှ ကိုဇေယျာထွန်း ၊ ရုရှားမှ ကိုအောင်ဟိန်းဇော် တို့က တာဝန်ယူထားပါတယ်။ အလှူငွေဆက်သွယ်လှူဒါန်းရန် လိပ်စာများကို ဒီနေရာမှာ ကြည့်ပါ။ Click here!

ဆက်လက်ဆောင်ရွက်မဲ့ အစီအစဉ်များနဲ့ ပတ်သက်လို့ သိရှိရတဲ့ အစီအစဉ်များကတော့
(၁)ငွေစာရင်းရှင်းတမ်းကို ဧပြီလမှာ စာရင်းချုပ်ပြီး ရန်ကုန်သို့ပို့ပေးရန်
(၂)ဆုပေးပွဲအခမ်းအနားကို ဇွန်-ဇူလိုင်လများအတွင်း ကျင်းပရန်
(၃)အလှူရှင်များဆီသို့ ဂုဏ်ပြုလွှာများပေးပို့ရန်တို့ ဖြစ်ပါတယ်။



ဖြိုးဝေကျော်
ပညာသင်ဆုပေးရေးအဖွဲ့
ကျောင်းသားဟောင်းများ (ကိုယ်စား)
အ.ထ.က ဒိုက်ဦး

No comments: