Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, 25 September 2009

အကြောင်းကြားစာ


အိမ်ပြန်ချင်စိတ်က နူးညံ့သိမ်မွေ့ ပြီး
အိမ်ပြန်ရောက်ဖို့ လုံ့ လ၀ီရီယက ကြမ်းတမ်းတယ်။
ဟိုးခပ်ငယ်ငယ်
ချောင်းကမ်းနံဘေးဆော့ကစား
မြွေကြိုက်တဲ့ခရာချုံခရာသီး ခူးစားသလို
ဘ၀က အဆိပ်နားနီးတယ်။
ငါ့လက်ဖျံရိုးနှစ်ချောင်းပေါ်က ရန်ကုန်မြို့ ကြီး
လေးလှတယ်။
ဥသြသံတွေထဲ
ငါ့နာမည်မပါနိုင်သေးဘူးလား။
ဒဏ်ရာရခရုတစ်ကောင်
နံရံလို
ဓားကို တွယ်တက်နေဆဲပေါ့ မေမေ။

ခိုင်မြဲကျော်စွာ

(ဆရာခိုင်မြဲကျော်စွာရေ နှစ်သက်လို့ ကျောင်းဘလော့ဂ်မှာ ကူးယူဖော်ပြပါတယ်။ ခရက်ဒစ်ပေးထားတဲ့အတွက် ခွင့်ပြုမယ်လို့ ယူဆပါတယ်။)

Monday, 21 September 2009

စက်လှေကား

တောင့်ထားရတဲ့ခြေထောက်တွေ
စုတ်ပြတ်အောင်ညောင်းတယ်။

အကြောင်းက
ငါ့အောက်ကရွေ့လျားနေတဲ့စက်လှေကား။
ဒင်းကိုယ်ပေါ်မှာငါ့ကိုယ်ငါမလဲအောင်
သိုင်းကနေရတယ်။
ဒါနဲ့
ဆိုင်ဆိုင်မဆိုင်ဆိုင်
ရွာကလူကြပ်ကြပ်ဘတ်စ်ကားကို
သတိသွားရတယ်။

မတူတာတစ်ခုက
အန်ညိချကာရင်ဘတ်မှာ
မေးအပ်နေတဲ့အကောင်
လှေကားကိုကျောပေးပြီး
ဆက်ကပ်ကစားနေပုံ
ဒင်းတို့ဇာတ်လမ်းကိုကြည့်ပြီးငါ
ချွေးပြန်လာတယ်။

အချစ်ရေ..
အဲဒီဆယ့်နှစ်နှစ်သားကတည်းက
နင့်မျက်လုံးထဲဝင်တဲ့ပိုးစိမ်းကောင်ကိုငါဖယ်ပေးခဲ့မိရင်
အခုချိန်မှာ
ငါတို့ ကဗျာသားတစ်အုပ်နဲ့
သိုက်ဝန်းစိုပြေနေလတ္တံ့။

လှေကားကသွားနေဆဲပဲ
ဘ၀ပေါက်စနလေးတစ်ယောက်က
ဘ၀ပေါက်စနကြီးတစ်ယောက်လက်ထဲမှာခုန်လို့
ဘ၀အလတ်စားတွေမတ်မတ်ရပ်နေတုန်း
ဘ၀အိုစုံတွဲတစ်တွဲက
တစ်ယောက်ပခုံးကိုတစ်ယောက်မှီထားတယ်။

ငါကတော့ယိုင်လို့
ခင့်နှုတ်ခမ်းစူစူကို
တယ်လီဖုန်းနဲ့ချော့မြှူဖို့
ငါ့အိတ်ကပ်ပါးပါးကလေးက
ငါ့ကို
လူလူသူသူဝီစကီအစား
ပူပူထူထူ,ရမ်,တစ်ပြားကို
စံထားစေခဲ့တော့
ငါ့မှာဘယ်ကအားရှိပါ့မလဲကွယ်။

လှေကားလက်ရမ်းကို
့နောက်ဆုံးကောက်ရိုးတမျှင်ဆွဲနေရတဲ့ငါဟာ
မင်းရဲ့
အပြင်သွားခါနီးမှ
ဖိုင်နယ်အဖြစ်ဆွတ်လိုက်တဲ့ရေမွှေးအကြောင်းတွေးနေမိတယ်။


အချစ်ရေ
လှေကားစီးရတာဟာ
ငွေပြားချေးရတာထက်ခက်တယ်။

(ချန်းမြေ့)

Sunday, 20 September 2009

သူလိုငါလိုကောင်

ကမ္ဘာတစ်လွှားနာဖျားခြင်းတွေကြုံတုန်း
အဆုံးမဲ့မျှော်လင့်ခြင်းတို့နဲ့
ငါ့ကိုယ်ငါသုံးသပ်တယ်။

ငါက
အတောမသတ်သေးတဲ့ ပရောဖက်တွေထဲက တစ်ယောက်လား။
မဟုတ်ရင်
မီးသီးတပ်တဲ့ ဂျီးနီးယပ်စ် တစ်ယောက်လား။

မဟုတ်ရင်
ကမ္ဘာရိုင်းက ဒိုင်နိုဆောတစ်ပိုင်းကောင်လား။
မဟုတ်ရင်
ပါးစပ်ကောင်းတဲ့ အမတ်ဟောင်းလား။

မဟုတ်ရင်
ကမ္ဘာ့ကော်မတီက အကြီးမားဆုံးစာရေးလား။
မဟုတ်ရင်
စိတ်မပုပ်ရေးအသင်းကြီးရဲ့ ပုလိပ်ချုပ်မင်းကြီးလား။

မဟုတ်ရင်
လူတွေကို သူ,မယုံတာတွေယုံကြည်စေတဲ့
"ကမ္ဘာပြား"တွေးခေါ်ရှင်လား။

မဟုတ်ရင်
စိတ်ကုဆရာဝန်ဆီညတိုင်းသွားတဲ့
ဘာသာသစ်တည်ထွင်သူလား။

မဟုတ်ရင်
ကျောက်ဖြစ်ရုပ်ကြွင်းတွေကြားမှာ
ဗေဒကျမ်းတွေရှာနေတဲ့
အနာဂတသုခမဂိုဏ်းဝင်သမိုင်းပညာရှင်လား။

မဟုတ်ရင်
မေတ္တာအကြောင်း
မျက်စောင်းထိုးပြီးပြောတတ်တဲ့
သိပ္ပံပညာရှင်လား။

ကမ္ဘာတစ်လွှားနာဖျားခြင်းတွေအတွက်
ငါ့ကိုယ်ငါရှာနေတုန်း
ယဉ်ကျေးမှုအတိပြီးတဲ့
သူလိုကိုယ်လိုမျောက်တစ်ကောင်က
ကမ်းစပ်ကကြယ်ငါးတစ်ကောင်ကို
ပင်လယ်ထဲကောက်ယူလွှင့်ပစ်လိုက်တယ်။
နက်နက်ရှိုင်းရှိုင်းပျံ့သန်းပေတော့တဲ့
ဒင်းက
သူလိုငါလိုကောင်။


(ချန်းမြေ့)