Sunday 20 September 2009

သူလိုငါလိုကောင်

ကမ္ဘာတစ်လွှားနာဖျားခြင်းတွေကြုံတုန်း
အဆုံးမဲ့မျှော်လင့်ခြင်းတို့နဲ့
ငါ့ကိုယ်ငါသုံးသပ်တယ်။

ငါက
အတောမသတ်သေးတဲ့ ပရောဖက်တွေထဲက တစ်ယောက်လား။
မဟုတ်ရင်
မီးသီးတပ်တဲ့ ဂျီးနီးယပ်စ် တစ်ယောက်လား။

မဟုတ်ရင်
ကမ္ဘာရိုင်းက ဒိုင်နိုဆောတစ်ပိုင်းကောင်လား။
မဟုတ်ရင်
ပါးစပ်ကောင်းတဲ့ အမတ်ဟောင်းလား။

မဟုတ်ရင်
ကမ္ဘာ့ကော်မတီက အကြီးမားဆုံးစာရေးလား။
မဟုတ်ရင်
စိတ်မပုပ်ရေးအသင်းကြီးရဲ့ ပုလိပ်ချုပ်မင်းကြီးလား။

မဟုတ်ရင်
လူတွေကို သူ,မယုံတာတွေယုံကြည်စေတဲ့
"ကမ္ဘာပြား"တွေးခေါ်ရှင်လား။

မဟုတ်ရင်
စိတ်ကုဆရာဝန်ဆီညတိုင်းသွားတဲ့
ဘာသာသစ်တည်ထွင်သူလား။

မဟုတ်ရင်
ကျောက်ဖြစ်ရုပ်ကြွင်းတွေကြားမှာ
ဗေဒကျမ်းတွေရှာနေတဲ့
အနာဂတသုခမဂိုဏ်းဝင်သမိုင်းပညာရှင်လား။

မဟုတ်ရင်
မေတ္တာအကြောင်း
မျက်စောင်းထိုးပြီးပြောတတ်တဲ့
သိပ္ပံပညာရှင်လား။

ကမ္ဘာတစ်လွှားနာဖျားခြင်းတွေအတွက်
ငါ့ကိုယ်ငါရှာနေတုန်း
ယဉ်ကျေးမှုအတိပြီးတဲ့
သူလိုကိုယ်လိုမျောက်တစ်ကောင်က
ကမ်းစပ်ကကြယ်ငါးတစ်ကောင်ကို
ပင်လယ်ထဲကောက်ယူလွှင့်ပစ်လိုက်တယ်။
နက်နက်ရှိုင်းရှိုင်းပျံ့သန်းပေတော့တဲ့
ဒင်းက
သူလိုငါလိုကောင်။


(ချန်းမြေ့)

No comments: